Wednesday, October 26, 2011

အရက်

အခုခေတ်မှာ လူတွေက ပြောနေကြတယ်။ “သူရာ မပါရင် လူရာမ၀င်“ဆိုတဲ့အတိုင်း နေရာတိုင်းမှာ အရက်နဲ့ ဖျော်ဖြေဧည့်ခံနေကြတယ်။ နောက်အဆို တစ်ခုရှိပါသေးတယ်။ “အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရည်မှာ အရက်“ဆိုတာ စဉ်းစားကြည့်ရအောင်…။ “အရက် ဘာကြောင့် သောက်ရတယ်“… လို့ဆိုရင် စာရေးသူက A,B,C,D,E,F,G ဒီအချက် (၇) ချက်ကြောင့် သောက်ရတယ်… လို့ ဆိုရပါမယ်။

A = Advertisement

အရက်ကြော်ငြာတွေဟာ လူတွေကို အရက်သောက်ချင်အောင် ဆွဲဆောင်တယ်။ ကြော်ငြာကြောင့်လည်း အရက်သောက်တယ်လို့ ဆိုရမယ်။

B = Being a Men

သူငယ်ချင်း အသိုင်းအ၀ိုင်းနဲ့ တွေ့တဲ့အခါ အရက်တိုက်တတ်တယ်။ မသောက်ရင် “မင်းယောက်ျား မဟုတ်ဘူးလား“လို့ အပြောခံရတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လဲ မခံချင်စိတ်နဲ့ “ငါယောက်ျားပဲ“ဆိုပြီး ယောက်ျား ပီသချင်လို့ အရက်သောက်တယ်လို့ ဆိုရမယ်။

C = Curiosity

အရက်ဆိုတာ ဘယ်လိုမျိုးပါလိမ့်… ဆိုပြီး စမ်းသပ်သောက်လေ့ရှိကြတယ်။ ဒါကြောင့် စမ်းသပ်ချင်လို့ အရက်သောက်ဖြစ်သွားကြတယ်။

D = Disharmony in daily life

နေ့စဉ် လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ အဆင်မပြေလို့ စိတ်ဖြေတဲ့ အနေနဲ့လဲ အရက်သောက်တတ်တယ်လို့ ဆိုရမယ်။

E = Expection social expectation

မိမိလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သူတွေနဲ့ ခင်မင်ရင်းနှီးအောင် လုပ်ငန်းသဘောအရ အရက်သောက်တယ်လို့ ဆိုရမယ်။

F = Friendship

သူငယ်ချင်း အပေါင်းအသင်းတွေက ခေါ်လို့ တိုက်လို့ သောက်တာလဲရှိတယ်။ ဒါကြောင့် အပေါင်းအသင်းကြောင့် အရက်သောက်တယ်လို့ ဆိုရမယ်။

G = Gain or Pain

ကစားပွဲ တစ်ခုခုမှာ နိုင်ရင်လည်း ပျော်လို့ သောက်စားပျော်ပါးတာ ရှိတယ်။ ရှုံးလို့ စိတ်ပျက်ကာ စိတ်ဓါတ်ကျပြီး သောက်စားတာရှိတတ်တယ်။ ဒါကြောင့် အနိုင် အရှုံးကြောင့် အရက်သောက်တယ်လို့ ဆိုရမယ်။

အရက် ဘယ်က စခဲ့တယ်

သာဝတ္ထိမြို့ နက္ခတ်ပွဲ နေ့တစ်နေ့မှာ ၀ိသာခါ ဒါယိကာမကြီးရဲ့ အမျိုးသမီးး အပေါင်းအဖေါ်တွေက အရက်ခိုးသောက်ပြီး ၀ိသာခါနဲ့အတူ ဇေတ၀န်ကျောင်းကို ရောက်လာကြတယ်။ ၀ိသာခါကတော့ သောတာပန် ဆိုတော့ အရက်သောက်တဲ့ အထဲမှာ မပါဘူး။ “အရက်မူး ကျွဲခိုးပေါ်“ဆိုသလို ဒီမိန်းမငါးရာဟာ မူးရူးပြီး ဘုရားရှင်ရှေ့မှာ အရှက်မရှိ ဆူဆူညံညံ လက်ခုပ်လက်ဝါးတီးကာ ကခုန်သီချင်းဆိုနေကြတယ်။ ဘုရားရှင်က သူတို့တတွေ သံဝေဂရပြီး ထိတ်လန့်စေလိုတဲ့အတွက် မျက်ခုံးတော်မှ ညိုမောင်းသော ရောင်ခြည်တော်ကို လွှတ်လိုက်တဲ့အခါ လောက တစ်ခုလုံး အမှောင်ကျသွားတယ်။ အမှောင် ထုထဲမှာ ကြောက်အားလန့်အားနဲ့ အားကိုရာ ရှာနေကြတဲ့ အချိန်မှာ မြတ်စွာဘုရားက ဥဏ္ဏလုံ (နဖူးခလယ်မှ မြင့်မြတ်တဲ့ အမွေးဖြူ)မှ ဖြူဖွေးလင်းလက်တဲ့ ရောင်ခြည်တော် လွှတ်ပြီး တရား ဟောတဲ့အခါ အမူးမ ငါးရာစလုံး သောတာပန် တည်သွားကြတယ်။ ၀ိသာခါ ကျောင်းအစ်မကြီး မေးလျှောက်ချက်အရ ဘုရားရှင်က အရက်သမိုင်းကို ဟောပြတယ်။

ရှေးအခါ ဗာရာဏသီတိုင်းပြည် ဗြဟ္မဒတ်မင်း အုပ်စိုးတဲ့အချိန် ကာသိတိုင်းနေ `သုရာ`အမည်ရှိတဲ့ မုဆိုးဟာ ဆင်စွယ်နဲ့ စာမရီသားမြီးကို ရှာရန် တောထဲသို့ ထွက်ခဲ့တယ်။ တောတွင်း တစ်နေရာမှာ ရှိတဲ့ သစ်ပင်ကြီး တစ်ပင်ဟာ သဘာဝအတိုင်း ပင်စည်မှ အကိုင်း သုံးခု ဖြာထွက်ပြီး ခွကြီးဖြစ်နေတယ်။ မိုးရွာတဲ့အခါ မိုးရေတွေ သစ်ပင်ခွမှာ အောင်းနေတယ်။ ငှက်တွေက တောထဲမှာ ပေါက်နေတဲ့ သလေးဆန်တွေကို ချီလာပြီး သစ်ပင်ပေါ်မှာ လာစားကြရင်း တချို့ သလေးဆန်တွေ သစ်ပင်ခွထဲ ကျသွားတာပေါ့။ တချို့ငှက်တွေက သစ်သီးတွေ ချီလာပြီး သစ်ပင်ပေါ်မှာ လာစားရင်း အချို့သစ်သီးတွေလည်း သစ်ပင်ခွထဲ ပြုတ်ကျသွားတာလဲ ရှိတယ်။ အဲဒီလိုနဲ့ ကြာလာတဲ့အခါမှာ သစ်ခွမှာ ရှိတဲ့ အရည်တွေဟာ နေရောင်ခြည်ကြောင့် လည်းကောင်း၊ သလေးဆန်နဲ့ သစ်သီးတွေကြောင့် လည်းကောင်း စိမ်ရည် အရက်ဖြစ်သွားတယ်။ ငှက်ကလေးတွေ ရှဥ့်ကလေးတွေ မျောက်ကလေးတွေ ရေလာသောက်တဲ့အခါ သစ်ခွထဲက ရေကို သောက်ရင်း မူးကြတယ်တဲ့။ မူးပြီး သစ်ပင်အောက်ကို ပြုတ်ကျကြတယ်။ အမူးပြေတဲ့အခါ ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြစ်သွားတယ်။

တစ်နေ့တော့ သုရာမုဆိုးဟာ အဲဒီ သစ်ပင်အနားကို ရောက်လာတယ်။ သစ်ခွရေကို သောက်ထားတဲ့ တိရစ္ဆာန်လေးတွေ သစ်ပင်အောက် ပြုတ်ကျနေတာကို တွေ့ရတယ်။ အချိန်တန်တော့ ထပျံသွားတာကိုလည်း တွေ့ရတယ်။ သုရာမုဆိုးက စဉ်းစားကြည့်တယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာပါလိမ့်။ နောက်ဆုံး အဖြေကတော့ သစ်ပင်ခွမှာ ရှိတဲ့ အရည်တွေ ကြောင့် ဖြစ်မယ်ဆိုပြီး သူလည်း စမ်းသောက်ကြည့်တယ်။ မုဆိုးလည်း သစ်ခွစိမ်ရည်ရဲ့ အရသာကို သိပြီး မူးသွားတော့တာပေါ့။ မူးနေတဲ့ ငှက်ကလေးတွေကို ဖမ်းယူ သတ်ဖြတ်ပြီး မီးကင်လိုက်၊ သစ်ပင်ခွက အရည်ကို သောက်လိုက် လုပ်နေတယ်။

အဲဒီ သစ်ပင်နဲ့ မနီးမဝေးတဲ့ နေရာမှာ `၀ရုဏ`ခေါ်တဲ့ ရသေ့တစ်ပါး သီတင်းသုံးနေတယ်။ မုဆိုးက ရသေ့ဆီသွားပြီး အရက်နဲ့ ဧည့်ခံတဲ့အခါ သူတို့နှစ်ဦး အရက်စွဲသွားတယ်။ သူတို့ နှစ်ယောက်က သစ်ပင်ခွမှာရှိတဲ့ အရည်ကို ၀ါးဆစ်ဗူးမှာ ထဲ့ပြီး ဗာရာဏသီမင်းထံ သွားရောက် ဆက်သတယ်။ မင်းကြီးလည်း သုံးလေးရက်လောက် သောက်ကြည့်တဲ့အခါ ကုန်သွားတယ်။ ကုန်သွားတိုင်း သူတို့နှစ်ဦးကို ထပ်ထပ်ပြီး ယူခိုင်းတယ်။ နောက်ပိုင်း သူတို့နှစ်ဦး ကိုယ်တိုင် စီမံဖန်တီး ယူတော့တာပေါ့။ အရက်ချက်တဲ့ သူတို့နှစ်ဦးရဲ့ အမည်ကို အစွဲပြုပြီး အရက်ကို `သုရာ` (သို့မဟုတ်) `၀ရုဏ`လို့ ခေါ်လာကြတယ်။

ပြည်သူလူထုတွေလည်း အရက်စွဲကုန်ကြတယ်။ အလုပ်လည်း မလုပ်ကြတော့ ဆင်းရဲမွဲတေပြီး တိုင်းပြည် ပျက်ခဲ့တယ်။ မုဆိုးနဲ့ရသေ့လည်း ထွက်ပြေးကြပြီး သာကေတကို ရောက်လာတော့ အရက်ချက်တယ်။ ပြည်သူတွေလည်း အရက်စွဲပြီး သာကေတတိုင်းပြည် ပျက်စီးခဲ့တယ်။ သာကေတ မှ ထွက်ပြေးလာပြီး သာဝတ္ထိကို ရောက်လာကာ အရက်အိုးငါးရာ စီမံကြတယ်။ သာကေတမင်းနဲ့ ပြည်သူတွေ အရက်သောက်ခါနီး သိကြားမင်းကိုယ်တိုင် လူ့ပြည်သို့ ဆင်းလာကာ အရက်ရဲ့ အပြစ်များကို ပြောပြ တရားဟောပြတဲ့အခါ သာဝတ္ထိမင်းကြီးက အမြင်မှန်ရပြီး အရက်အိုး အားလုံးကို ရိုက်ခွဲစေတယ်။ ဒီကုမ္ဘဇာတကဇာတ်အရ “အရက်အစ သုရာ ၀ရုဏက“လို့ ဆိုရပါမယ်။

ဘုရား ပညတ်ထားခဲ့တယ်

မြတ်စွာဘုရားရဲ့ သာသနာတော်မှာလည်း သာဂတရဟန်းကို အကြောင်းပြုပြီး ရဟန်းတော်များ အရက်မသောက်ရ။ သောက်လျင် ပါစိတ်အာပတ်သင့်စေ … ဆိုပြီး မြတ်စွာ ဘုရားက ပညတ်ချက် ထုတ်ခဲ့တယ်။ သာဂတရဟန်းဟာ လောကီဈာန် ရထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘုရားရှင်ကိုလည်း လွန်စွာကြည်ညိုတဲ့သူ ဖြစ်တယ်။ တစ်နေ့ သာဂတရဟန်းက တောင်သူလယ်သမားတွေကို ဒုက္ခပေးနေတဲ့ နဂါးမင်းကြီးကို မိမိရဲ့ လောကီတန်ခိုးနဲ့ ယဉ်ကျေးအောင် ဆုံးမခဲ့တယ်။ လူတွေက သာဂတရဟန်းကို လွန်စွာ ကြည်ညိုကြတော့တာပေါ့။ ဆင်ဖြူတော် မှီပြီး ကြံစုပ်တတ်တဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကတော့ ဒကာဒကာမတွေ ကြည်ညိုကြတဲ့ သာဂတရဟန်းကို အမှီပြုပြီး ခိုခြေအဆင်းရှိတဲ့ အရက်ကို အလှူခံကာ သောက်ကြတယ်။ သာဂတရဟန်းကိုလည်း အရက်တိုက်တော့ သာဂတရဟန်း အရက်မူးပြီး ဆွမ်းခံလမ်းမမှာ လဲနေတယ်။ ဘုရားရှင် ကြွလာသော်လည်း လမ်းဖယ်ပေးခြင်း အရိုအသေပြုခြင်း မရှိတော့ဘူး။ မူးရင် ဘုရားမေ့ တရားမေ့၊ သံဃာမေ့ ဖြစ်သွားတာ ဓမ္မတာပဲ။ ဘုရားရှင်က ရဟန်းတော်တွေကို အမေးအဖြေပြုလုပ်တယ်။

“သာဂတရဟန်းဟာ အရင်တုန်းက ဘုရားကို လွန်စွာကြည်ညိုသူ ဖြစ်တယ်။ အခုအခါ မကြည်ညိုတာ ဘာကြောင့်လဲ၊ အရင်တုန်းက နဂါးမင်းကိုတောင် ဆုံးမနိုင်တယ်။ အခု တီကောင်ကိုတောင် မနိုင်နိုင်တော့ဘူး။ အဲဒီ အရိုအသေ မရှိတာ၊ အရှက်အကြောက် မရှိတာ၊တန်ခိုးမဲ့တာ့တွေဟာ အရက်ကြောင့်ဖြစ်တယ်…“ ဆိုပြီး သာဂတရဟန်းကို အကြောင်းပြုပြီး ရဟန်းတော်များ အရက်မသောက်ရန်အတွက် သိက္ခာပုဒ် ပညတ်ခဲ့တယ်။

အရက်သောက်ရင် ဘာဖြစ်မယ်

“လူကိုဖျက် အရက်“ ဆိုတဲ့ စကား ကြားဖူးကြတယ်နော်။ မြန်မာဘုရင်တစ်ပါးအကြောင်း သုံးသပ်ကြည့်ရအောင်။ “တပင်ရွှေထီး“ဆိုတာ ကြားဖူးကြမှာပါ။ တောင်ငူဘုရင် တစ်ပါးဖြစ် ပြီး အစက လက်ရုံးရည် နှလုံးရည် လွန်စွာ ပြည့်ဝတဲ့ ရှင်ဘုရင်ဖြစ်တယ်။ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို စတင် တည်ထောင်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ အင်မတန် ထူးချွန် ထက်မြက်တဲ့ ရှင်ဘုရင်ဟာ ဘာကြောင့် ပျက်စီးရသလဲ… ဆိုရင် နယ်ချဲ့ပေါ်တူဂီတွေက အရက်နဲ့ ဖျက်ဆီးပစ်လိုက်လို့ တိုင်းပြည်ကိုလည်း မကြည့်ရှုနိုင်တော့ဘူး။ အမူးဘ၀နဲ့ပဲ နောက်ဆုံး လုပ်ကြံခြင်း ခံရတယ်။

ကုဋေရှစ်ရှယ် ကြွယ်ဝတဲ့ ဗာရာဏသီက သူဌေးလင်မယား အကြောင်းကိုလည်း စဉ်းစား ကြည့်ပါ။ သူဌေးဘ၀ကနေ ဘာကြောင့် သူတောင်းစားဘ၀ ရောက်သွားရတာလဲ။ အရက်ကြောင့်ပဲ မဟုတ်လား။ အသူရာနတ်တွေ လွန်စွာပျော်မွေ့လှတဲ့ တာဝတိံသာ နတ်ပြည်ကို လက်လွှတ်ဆုံးရှုံးသွားရတာ ဘာကြောင့်လဲ။ အရက်ကြောင့်ပဲ။ အရှင်သာရိပုတ္တရာလောင်းလျာလည်း ဘ၀တစ်ခုမှာ ရှင်ဘုရင်ဖြစ်စဉ်တုံးက အရက်မူးပြီး သားတော်လေးကို သတ်စားမိခဲ့တယ်။ အရက်ပြေလာတဲ့အချိန် သားတော်လေးကို သတ်မိခဲ့ တဲ့နောင်တကြောင့် အရှင်သာရိပုတ္တရာလောင်းလျာက ဒီလို ဆုတောင်းခဲ့တယ်။ “ဒီဘ၀ကစပြီး ဘယ်ဘ၀မှ အရက်သမား လုံးဝမဖြစ်ရပါစေသား“ဆိုပြီး ဆုတောင်းခဲ့တယ်။ (ဉာဏ်ပညာကြီးမားတဲ့ အရှင်သာရိပုတ္တရာလောင်းလျာလို စာဖတ်သူ အဲဒီလို ဆုတောင်းရဲမှာလား။ စာရေးသူကတော့ ဆုတောင်းခဲ့တယ်)

အရက်သောက်ခြင်း ဆိုတာ မေ့လျှော့ခြင်းကို ဖြစ်စေတယ်။ ဘာကို မေ့လျှော့စေသလဲ ဆိုတော့ သူတော်ကောင်း အလုပ်ကို မေ့လျှော့စေတယ်။ တိုးတက်ရေး လုပ်ငန်းတွေကို နှေးကွေးစေတယ်။ ဂုဏ်သိက္ခာကိုလည်း ကျစေတယ်။ အချိန်ကုန် ငွေကုန်တဲ့အပြင် အပြစ်ပေါင်း များစွာ၊ အမှားပေါင်း များစွာကိုလည်း ဖြစ်စေတယ်။ အရက်ရဲ့ ပစ္စုပ္ပန်အပြစ်တွေက ပြောမကုန်နိုင်တော့ပါဘူး။

သံသရာမှာလည်း အပြစ်မကင်းဘူးဆိုတာ သိထားစေချင်တယ်။ အရက်သောက်ခြင်းဟာ ကောင်းမှု၊ တိုးတက်မှုကို ပြုလုပ်ရန် မေ့လျှော့စေတတ်တဲ့အတွက် မကောင်းမှုတွေကိုသာ ပွားများစေတယ်။ ဒါကြောင့် မကောင်းမှုတွေပြုပြီး အရက်သမား သေရင် ငရဲရောက်မယ်။ အရက်သမားတွေအတွက် သီးသန့် ငရဲလည်း ရှိတယ်။ အဲဒီ ငရဲက “ရောရုဝငရဲ“လို့ခေါ် တယ်။ ပါဠိလိုတော့ အဲဒီလို အဓိပ္ပါယ်ဖွင့်ထားတယ်။ “ရုရုလောဟိတ ဇာလာ ပဏ္ဏာ ဧတ္ထာတိ ရောရုဝေါ = သွေးကဲ့သို့ ချင်းချင်းနီနေသော သံရည်ပူများ ပြည့်နှက်နေသော ငရဲ“တဲ့။ အရက်သမား သေရင် အဲဒီမှာ ရောက်ရမယ်။ လူ့ပြည်တုံးကတော့ ပါးစပ်ပေါက် တစ်ပေါက်တည်းနဲ့ပဲ အရက်ကို သောက်တယ်။ အဲဒီ ရောရုဝငရဲကို ရောက်သွားရင် သွေးလို နီနေတဲ့ သံရည်ပူတွေက ဒွါရကိုးပေါက်စလုံး ဒလဟော ၀င်ထွက် ပူလောင်စေပြီး ဒုက္ခဆင်းရဲ ပင်ပန်းကြီးစွာ ခံရတတ်တယ်တဲ့။ အကုသိုလ်ကံကြောင့် မသေနိုင်ပဲ အရှင်လတ်လတ် ဆင်းရဲ ပင်ပန်းကြီးစွာ ဒုက္ခခံရရှာတယ်။

ရောရုဝငရဲ သက်တမ်းကတော့ နှစ်ပေါင်း (၄၀၀၀) ရှည်တယ်။ လူ့သက်တမ်း အရည်အတွက်နဲ့ ငရဲ သက်တမ်း အရည်အတွက်က မတူဘူး။ အဆပေါင်းများစွာ ကွာတယ်။ လူ့သက်တမ်း နှစ်ပါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း (၅၇၆၀၀၀၀၀၀)ဟာ ရောရုဝငရဲ သက်တမ်း တစ်ရက်ပဲ ရှိတယ်တဲ့။ အဲဒီငရဲ နှစ်ပေါင်း (၄၀၀၀) ဆိုတော့ လူ့သက်တမ်း (၂၃၀,၄၀၀,၀၀၀၀၀၀၀) ရှည်ကြာတာပေါ့။ အရက်သမားများ စဉ်းစားကြည့်ပါ။ ကိုယ်ကိုယ်တိုင် အရက်သောက်တဲ့အခါ ပိုက်ဆံလည်းကုန်။ အချိန်လည်းကုန်တဲ့အပြင် အဲဒီလို ဆင်းရဲကြီးလှတဲ့ ငရဲ၊ သက်တမ်းရှည်ကြာတဲ့ ငရဲကိုလည်း ခံရဦးမယ်။ ဆက်သောက်သင့် မသောက်သင့် ဆင်ခြင်ဆုံးဖြတ်ပါ။ “ပျက်အစဉ် ပြင်ခဏ“ဆိုတဲ့ စကားကို မမေ့သင့်ပါဘူး။

အရက်သမားများ အဲဒီငရဲကြီးက လွှတ်လာရင်လည်း ဆိုးကျိုးတွေက မကုန်သေးဘူးတဲ့။ ဘီလူးရူးဘ၀ ငါးရာ၊ နွားရူးဘ၀ ငါးရာ၊ ခွေးရူးဘ၀ ငါးရာ။ လူရူးဘ၀ အနန္တဖြစ်ရသေးတယ် တဲ့။ စာဖတ်သူတို့ အရူးကို မြင်ဖူးမှာပါ။ အဲလိုဖြစ်ချင်သလားလို့မေးရင် “မဖြစ်ချင်ပါဘူး“လို့ ဖြေမှာပဲ။ အဲဒီ အရူးတွေက ဘာကြောင့်ရူးရသလဲ။ သူတို့လဲ မရူးချင်ပါဘူး။ ဒါပေမယ့် အတိတ်ဘ၀ရဲ့ အကုသိုလ်ကြောင့် (အရက်သောက်တဲ့ မူးရူးခဲ့တဲ့ အကုသိုလ်ကြောင့် ဒီဘ၀ ရူးခဲ့ရတာပါ။ အရက်ကြောင့် အရူးဘ၀ အနန္တဘ၀ဆိုတာ ဘ၀ပေါင်းများစွာ မရေမတွက် နိုင်အောင် ဖြစ်ရမယ်) နောက်အကျိုးဆက် တစ်ခုကတော့ လူဖြစ်ရင်လည်း လူစဉ်မမီ ဖြစ်တတ်သေးတယ်။

မူးယစ်ဆေးကော ဘာဖြစ်မယ်

ငါးပါးသီလထဲမှာ နံပါတ်ငါးက အရက်တစ်ခုတည်းကို ဆိုတာမဟုတ်ဘူး။ မူးယစ်စေတတ်တဲ့ အရာမှန်သမျှကို ဆိုလိုထားတာကြောင့် အရက်၊ ဘီယာ၊ ကစော်၊ ခေါင်ရည်၊ ဘိန်းမဲ၊ ဘိန်းဖြူ၊ စိတ်ကြွဆေး (ခေါ်) ယာမာ့တွေလည်း ပါဝင်ပါတယ်။ ဘိန်း၊ စိတ်ကြွဆေး စတာတွေကို သုံးစွဲတဲ့သူတွေလည်း အရက်လိုပဲ ဆိုးကျိုးတွေ များစွာရှိတယ်။ အရက်ထက် ဆိုးကျိုးတွေ ပိုများတယ်ဆိုတာ လူတိုင်း သိမြင်နေတာပဲ မဟုတ်လား။ သံသရာမှာလည်း အရက်ထက် ကြီးလေးတဲ့ အပြစ်တွေ ခံရတယ်။

ဘိန်းစားတွေ အတွက်လည်း သီးသန့် ငရဲ ရှိတယ်လို့ဆိုတယ်။ အဲဒီငရဲကတော့ နှစ်ပေါင်း (၈၀၀၀) ကြာတယ်။ လူ့သက်တမ်းနဲ့ နှိုင်းစာရင် လူ့ပြည် နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေ လေးသန်း (၂၃၀,၄၀၀,၀၀၀၀) ဟာ အဲဒီငရဲရဲ့ တစ်ရက်နဲ့ ညီမျှတယ်။ ဓူမရောရုဝငရဲ သက်တမ်းက (၈၀၀၀)ဆိုတော့ လူ့သက်တမ်းနဲ့ တွက်ကြည့်ရင် (၁၈၄,၃၂၀,၀၀၀၀,၀၀၀၀)နှစ် အသက်ရှည်တယ်။ အဲဒီ ငရဲကတော့ မီးညွှန့်မီးလျှံငရဲကြီး အပြည့်ရှိပြီး ငရဲကျသွားတဲ့ သူတွေကို ဒွါရကိုးပေါက်စလုံး ၀င်ထွက်လောက်ကျွမ်းတယ်။ အကုသိုလ်ကံကြောင့် မသေနိုင်ဘဲ ဆင်းရဲစွာ ပင်ပန်းကြီးစွာ အကုသိုလ်အလျှောက် ခံရတယ်။

အကုသိုလ်ကံ အကြွင်းအကျန်ကတော့ မူးယစ်ဆေးစွဲသမားများ အဲဒီငရဲကြီးက လွှတ်လာရင် ဆိုးကျိုးဆက်တွေက မကုန်သေးဘူး။ ဘီလူးရူးဘ၀ ငါးရာ၊ နွားရူးဘ၀ ငါးရာ၊ ခွေးရူးဘ၀ ငါးရာ၊ လူရူးဘ၀ အနန္တ ဖြစ်ရသေးတယ်။ လူဖြစ်ရင်လည်း လူစဉ်မမီဖြစ်တတ်သေးတယ်။

ဒါကြောင့် လုပ်ငန်းတစ်ခုမှာ အကြောင်းအကျိုးကို သိနိုင်သမျှ သိထားသင့်ပါတယ်။ ဒါမှလည်း ရှောင်သင့်ရင်ရှောင်၊ ဆောင်သင့်ရင်ဆောင်ရမှာပေါ့။ အရက်နဲ့ ပတ်သက်တဲ့ အကြောင်းကတော့ တော်တော်စုံသွားပါပြီ။ သူတော်ကောင်း အမျိုးကောင်းသားများ အမျိုးကောင်းသမီးများ အရက်နဲ့ မူးယစ်ဆေးဝါးရဲ့ ဆိုးပြစ်များကို သိမြင်ကြ၍ ရှောင်ကြဉ်နိုင် ကြပါစေ။ သူတော်ကောင်း တရားများကို နေ့ညမခြား ကြိုးစားအားထုတ် နိုင်ကြပါစေ။

အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)

မှီငြမ်းသည့်ကျမ်းများ-

- ခုဒၵကနိကာယ၊ ကုမ ၻဇာတက။

- ခုဒ္ဒကနိကာယ၊ ဓမ္မပဒ၊ ဇရာဝဂ်။

- ပါစိတ္တိယာပါဠိ၊ သုရာပါနသိက္ခာပုဒ်။

- ဦးကုလားရာဇ၀င်၊ တတိယတွဲ။

- ဇာတကပါဠိ နှင့် အဋ္ဌကထာ၊ သံကိစ္စဇာတက (၂)။

- စိန်ခမ်းလှိုင်း (ရှမ်းဘာသာရေး စာစောင်၊ အမှတ် ၉ )
မှတ်ချက်(စဝ်ဆုခမ်း)ဆိုက်မှကူးယူတင်ပြသည်

ꨡꨤꨓ်း

လုꨀ်ꨳ

သꨯꨳတꨰꨓ်းꨓီꨳꨀဝ်ꨲ

Sunday, May 15, 2011

လူမျိုး

လူမျိုးတစ်မျိုးမှာ ရိုးရာဓလေ စာပေ ယဉ်ကျေးမှု လူမျိုး တိုင်းပြည် ကိုချစ်တဲ.စိတ်ဓါတ်ရှိနေသေးသမျှ
အဲ.ဒီလူမျိုးဟာဘယ်တော.မှပျောက်ပျက်သေးမှာမဟုတ်ဘူး

မာန

ကျရှုံးနေတဲ.ချိန်မှာ ကိုကိုယ်အသုံးမကျပါလားဆိုပြီးမယူဆသင်.ဘူး
အောင်မြင်တဲ.ချိန်မှာလဲ ကိုကိုယ်ဟုတ်လှပြီလိုဘဝင်မမြင်သင်.ဘူး

why ?